Wednesday, December 3, 2008


GCC ကျောင်းသား
မျိုးဦး ၉၉ ခုနှစ်မှာ ၁၀ တန်းကို ဂုဏ်ထူး ၃ ဘာသာနှင့်အောင်ခဲ့သည်။ ကွန်ပျူတာကို နိုင်ငံခြားရုပ်ရှင်ဇာတ်ကား တွေမှာသာ တွေ့ဖူးတဲ့မျိုးဦး တစ်ယောက် တောင်ငူရှိ အစိုးရကွန်ပျူတာ ကောလိပ်ကို တက်ခွင့်ရခဲ့သည်။
ဂငယ်ကွေ့ပဲပြောပြော၊ ပစောက်ကွေ့ပဲပြောပြော၊ U turn လို့ပဲပြောပြော ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့ထဲက တစ်မြို့မှာနေတဲ့ မျိုးဦးအတွက်တော့ သူ့ကျောင်းတော် GCC ကိုရောက်ဖို့မလွယ်။
ထားပါတော့ အတိုရုံးရရင် တောင်ငူနှင့် ၁၃ မိုင်ကျော်ဝေးသော GCC ရှိရာ ကေတုမတီမြို့သစ် ကိုရောက်သွားသည်။

***********

မနက်အိပ်ယာမှထကာ အဆောင်ကကြွေးသော ကော်ဖီနှင့် ပေါင်မုန့်ကြက်ဥကြော် သုံးဆောင်ပြီး၊ နေ့လည်စာအတွက် မိမိကြိုက်ရာဟင်းအမယ်ကို စားဖိုမှုး၏ စားသောက် စာရင်း ပရိုဂရမ်ကို SMS ပို့အပြီးအဆောင်ရှေ့ထွက်လာသည်။ အသင့်စောင့်နေသော ဖယ်ရီကားပေါ်တက်လိုက်သွားသည်။ တကယ်တော့အစိုးရကျောင်းအိပ်ကျောင်းစားအဆောင် နှင့် ကျောင်းမှာ ၅ မိနစ်လောက် ခြေကျင်လျှောက်လျှင်ရောက်သည်။ ဒါကတော့ ပိုလွန်းသည်ဟု မျိုးဦးထင်သည်။ တစ်ဖက်ကကြည့်တော့လည်း ဟုတ်ပေသည်။ တိုင်းပြည်ရဲ့အနာဂတ်လှဖို့ လူငယ်တွေကို ပြုစုပျိုးထောင်ရာမှာ ပိုးမွေးသလိုမွေးနိုင်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကလည်းရှိတော့ အစိုးရအနေနဲ့ အစစအရာရာ ပြည့်စုံအောင်ထားပေးရှာတာ မဆန်းပါဘူးလေ။

မျိုးဦးကျောင်းဝန်းထဲခြေချမိစဉ် မနေ့ကသတိမထားမိတာတွေကို အခုမှကြည့်မိသည်။ ၇ ထပ်ကျောင်းအဆောက်ဦးကြီးကလည်းဟီးလို့၊ ၂ ဖာလုံလောက်ရှည်သည့် အဓိပတိလမ်းမကြီး ဘေးမှာ အရောင်မျိုးစုံပွင့်နေသော ပန်းများ၊ ကျောင်းဝန်းကြီးအပြည့် နိုင်ငံခြားဖြစ်မြက်များကလည်း စိမ်းစိုနေသည်။ မြင်ရုံနဲ့တင် လူးလိမ့်လိုက်ချင်သည်။

“ခစ်ခစ်” ကျောင်းသူလေးများရဲ့အသံလွင်လွင် ရယ်သံကို ကြားလို့လှည့်ကြည့်မိသည်။ NoteBook ကွန်ပျူတာများ ကိုယ်စီကိုထားသော ကျောင်းသူ၅ ဦး သူ့ကို ကျော်တက် သွားသည်။ NoteBook တွေ့မှ သူသတိရသည်။ မနေ့က ကျောင်းအပ်ချိန်ကို အတွေးကရောက်သွားသည်။

“NoteBook တခါတည်းယူသွားလေ။ဒါကျောင်းကထုတ်ပေးတာ၊ စာသင်ခန်းမှာ ဒါမပါရင်ပေးမဝင်ဘူး။” ကျောင်းသားရေးရာမှ စာရေးမမှသတိပေးသည်။ “မနက်ဖြန်ကျောင်းတက်မှ လာဝင်ယူမယ်ဗျာ။ ဒါနဲ့စာအုပ်ဖိုးတို့၊ အဆောင်းဖိုးတို့ကရော” “အဲဒါတွေ အကုန်လုံး တစ်လ ၁၅၀၀ ထဲမှာ ပါသွားပြီ ထပ်ပေးစရာမလိုဘူး” စာရေးမဆီမှ ဒီစကားကြားတော့မျိုးဦးပျော်သွားသည်။

“ဟေ့ကောင် မျိုးဦး တစ်ယောက်တည်းဘာတွေပြုံးနေတာလဲ” တစ်မြို့ထဲနေသူငယ်ချင်း အောင်ကျော်ဖြစ်နေသည်။ “ဟာသူငယ်ချင်းမင်းလည်း ဒီကောလိပ်မှာပေါ့” “အေး ငါကျောင်းဖွင့်ကတည်းကရောက်နေတာ” “ငါကတော့ တစ်လလောက်နောက်ကျသွားတယ်၊ မင်းသိတဲ့အတိုင်း အဘိုးကြီးနဲ့ ပလေး(play) ခဲ့ရသေးတယ်”။

မျိုးဦးသည် အိမ်တွင်အဖေဖြစ်သူကို “ကျောင်းက တောကြိုတောင်ကြား အဝေးကြီးပဲ မသွားချင်ဘူး” အကြောင်းပြရင်းမလာဘဲနေနေသည်။ အခုတော့ ကျောင်းနောက်ကျတာကို နောင်တရမိသည်။

ဓါတ်လှေကားနှင့် တက်အပြီးစာသင်ဆောင်ကို ရောက်သည်။ ဆရာမဝင်လာပြီ။ “ကဲ မင်းတို့ ကွန်ပျူတာတွေ ဖွင့်၊ Google site ကို သွား ပြီးရင် What is C++? ဆိုတာကို ရိုက်လိုက်၊ ကဲဖတ်ကြည့်၊ ပြီးရင် မေးမယ်”။ ၁၀ မိနစ်လောက်ကြာသွားသည်။ “ကျောင်းသားသစ် မျိုးဦးထ” “မျိုးဦးထထ မင်းကို ဆရာမမေးနေတယ်” သူ့ဘေးနားထိုင်နေသော အောင်ကျော် တတောင်နှင့် တွက်မှ မျိုးဦး အိပ်ပျော်တုန်း အိပ်မက်မက်နေ မှန်းသတိရပြီး ကုန်းထလိုက်သည်။

“ကဲကျောင်းသားသစ် ဆီပလက်ပလက်(C++) ဆိုတာ ဘာလဲ” ဆရာမ ဒါတောင်မေးနေရသေးလားဆိုတဲ့ ပုံစံနှင့် မျိုးဦးချက်ချင်း ဖြေလိုက်သည်။ “ဆီပလက်ဆိုတာ အချိုရည်ပါ တီချာ” “ဟားဟားဟား” ကျောင်းသားတွေဝိုင်းရယ်ကြသည်။

***********

နေ့လယ်ကျောင်းလွတ်ပြီးချင်း မျိုးဦး မြို့ပတ်ကား စောင့်နေသည်။ ဗိုက်ကလည်းဆာနေသည်။ အဆောင်ရောက်ရင် ချက်ချင်းစားဖို့ဟင်းကမရှိသေး။ မနက်က မြို့သစ်ဈေးက ဝယ်ထားသော ကန်ဇွန်းရွက်ကို မကြော်ခဲ့ရ။ကျောင်းထဲကို တကူးတကဝင်နေရလို့ မဝင်ချင်လှသောမြို့ပတ်ကားကို အမီလိုက်ခဲ့ရလိုဖြစ်သည်။

***********

ဘာလိုလိုနှင့် မျိုးဦးကျောင်းရောက်တာ တလကျော်သွားပြီ။ သူငယ်ချင်းတွေနှင့် ညီရင်းအစ်ကို လို ခင်သွားကြသည်။ အရင်က မတက်တာတွေ တက်သွားသည်။ ဒူးဝါးခေါင်ရည်ကို တခါသောက်ရင် ၆ ပုလင်းလောက်ထိသောက်နိုင်သွားပြီ၊ ခေါင်ရည်နှင့် အာမီရမ် ရောသောက်တဲ့ အရသာလည်းသိသွားပြီ၊ ဆေးခြောက်လည်းရှုတက်ပြီ၊ ဖဲလောကမှာ ရှမ်းကလည်း ကတက်ပြီ၊ ပိုကာလည်းဒေါင်းတက်ပြီ၊ ရှိုးလည်းရိုက်တက်ပြီ၊ ဧကရီဆောင်၊ ယမင်းဆောင်၊ လောကနတ်ဆောင် တွေမှာ သီချင်းဆိုဖူးပြီ။

***********

ကျောင်းပြီးပြီ ရည်စားမရှိတဲ့ မျိုးဦး နှုတ်ဆက်ပွဲညမှာ လွမ်းချင်သလိုလို ရှိသား။ ဒီလိုခံစားချက်သည် မျိုးဦးတယောက်တည်းမဟုတ်၊ သူတို့အတန်းက အားလုံးလိုလို ခံစားရသည်။ မျိုးဦး စာဖတ်လေ့မရှိသော်လည်း ဝတ္ထု တစ်အုပ် တော့ ဖတ်ဖူးသည်။ အဆိုပါဇာတ်ကောင်သည် သမိုင်းမေဂျာယူသည်။ “သမိုင်းကလွဲပြီးအကုန်သိတယ်” ဆိုတဲ့ဇာတ်ကောင်ပြောစကားသည် ကျောင်းပြီးတော့ သူ့အတွက် မှန်နေသည်။ “ကွန်ပျူတာကလွဲပြီးအကုန်သိတယ်”။
မျိုးဦး အိမ်အပြန်လမ်းမှာ ကျောင်းတော့ပြီးပြီ ဘာဆက်လုပ်ရပါ့မလဲ တွေးသည်။ အဖြေကထွက်မလာ။

သြော်..တိုင်းပြည်ရဲ့အနာဂတ်လှပဖို့ လူငယ်တွေကို….


ကိုလင်း

No comments:

Google