Monday, January 12, 2009

ကွမ်းခြံကုန်း နဲ့ ဟန်းဖုန်း

မြန်မာမဂ္ဂဇင်း တအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိ ပြီး ရင်ထဲ ကလိ ကလိ ဖြစ်နေလို့ ရေးလိုက်တာပါ။ ကြာတော့ကြာပါပြီ။

ကမ္ဘောဒီယားမှာက မြန်မာစာအုပ်ဆိုင် လုံးဝမရှိလေတော့ ဖတ်ချင်တဲ့စာအုပ်ကို မြန်မာပြည်က လူကြုံ ရှိမှ မှာဖတ်ရတာပါ။ ဒါတောင် အားမနာလျှာမကျိုး လက်လေးလုံးလောက်ထူတဲ့ ကုန်သွယ်ရေးထုတ် အင်္ဂလိပ်-မြန်မာအဘိဓါန် မှာတဲ့လူကရှိပါသေးတယ်။ ဒါပေမယ့် မြန်မာစာအုပ်က သိပ်မရှားပါဘူး။ အိမ်တိုင်း မှာ သေတ္တာတစ်လုံးစာလောက် စာအုပ်တွေကိုယ်စီရှိကြလေတော့ ဝေမျှပြီး ဖတ်ကြတာပါပဲ။

ကျွန်တော့်ဇာတ်လမ်းက ဒီလိုပါ။ လွန်ခဲ့တဲ့လေးငါးလလောက်တုန်းက အသိတစ်ယောက်ရဲ့အိမ်ရောက်တုန်း မြန်မာမဂ္ဂဇင်းတွေ့တာနဲ့ ကောက်ဖတ်မိတယ်ပေါ့ဗျာ။ ဟိုလှန်ဒီလှန်နဲ့ စာအုပ်ရဲ့တနေရာအရောက်မှာ ဆရာကြီး ဂျက်ကွမ်းခြံကုန်းရဲ့ ဆောင်းပါးတစ်ပုဒ်ကိုသွားတွေ့ပါတယ်။ ဆရာကြီး ဂျက်က လူ့ပတ်ဝန်းကျင်ရဲ့ အဆီအငေါ်မတည့်တာလေးတွေ၊ အလှောင်အပြောင် အထေ့အငေါ့လေးတွေ ရေးတဲ့နေရာမှာ အင်မတန်ပြောင်မြောက်လေတော့ စိတ်ဝင်တစား ဖတ်မိပါတယ်။

ဆောင်းပါးရဲ့ခေါင်းစဉ်ကိုအတိအကျမမှတ်မိပေတော့မယ့် အကြောင်းအရာက ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွေ ယုတ္တိမရှိတဲ့အကြောင်းပါ။ စိတ်ဝင်စားသွားပါပြီ။ ဘာဖြစ်လို့လဲဆိုတော ကိုရီးယားရုပ်ရှင် ဆိုတာ အခုဆိုယင် ကျွန်တော့်ပတ်ဝန်းကျင်မှာ မမြင်ချင်မှအဆုံးပါ။ ကမ္ဘောဒီးယားမှာ အင်္ဂလိပ်စာတန်းထိုး ကိုရီးယား DVD ၂ ခွေတွဲမှ US ၅ ဒေါ်လာပဲပေးရပါတယ်။ (စင်ကာပူမှာကျွန်တော်တွေ့တာတော့ အနဲဆုံးဈေးက SG ၄၈ ဒေါ်လာပါ။) အခွေရဲ့ကာဗာကိုက မင်းသားမင်းသမီးချောချောလှလှပုံလေးတွေနဲ့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားလေတော့ ဇာတ်လမ်းကောင်းကောင်း မကောင်းကောင်း ဝယ်ချင်စိတ်ပေါက်မိပါတယ်။

ကျွန်တော့်မိခင်ကြီးကတော့ စနေတနင်္ဂနွေ နဲ့ ရုံးပိတ်ရက်တိုင်း တီဗွီရှေ့ ပက်လက်ကုလားထိုင်ချပြီး ကိုရီးယားဇာတ်လမ်းတွဲတွေ မနားတမ်းကြည့်တတ်ပါတယ်။ တခါတလေ KBS Channel ကသူကြိုက်တဲ့ဇာတ်ကား လာနေယင် DVD ကိုလည်းမပိတ်ပဲ တီဗွီနဲ့DVD တလှည့်စီပြောင်းပြီး ကိုရီးယားဇာတ်လမ်းတွဲ ၂ ခု ကို တပြိုင်ထဲ ကြည့်တတ်သူပါ။ ခမာလိုင်းတွေက လွှင့်တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေကိုလည်းအသံပိတ်ပြီးကြည့်တတ်ပါသေးတယ်။ အသံပိတ်ရတဲ့ အကြောင်းအရင်းက နောက်ခံစကားပြောတဲ့ ညောင်နာနာ ခမာအသံထွက်ကိုမကြိုက်လို့ပါ။ (ခမာအသံထွက်ကမွန်ဘာသာနဲ့ဆင်ပေမယ့် မွန်စကားလောက် နားထောင်လို့မကောင်းပါဘူး။) ကျွန်တော့်မိခင်က ဘေယောင်ဂျွန်း ခေါ် ဒါရိုက်တာရင် ကို အရမ်းကြိုက်ပါတယ်။ ကျွန်တော့်ရဲ့မမငြိမ်းကတော့ တခါတုန်းက တစ်ညလုံးမအိပ်ပဲနောက်တနေ့နေ့လည်အထိ စီးရီးတစ်ခုလုံးပြီးအောင် ၁၇ နာရီလောက် ဆက်တိုက်ကြည့်ဖူးလို့ နောက်မလုပ်ပါနဲ့ဆိုပြီး မနဲတောင်းပန်ထားရပါတယ်။ ကိုရီးယားကားနဲ့ကျွန်တော်နဲ့ကြိုက်ရာရွေးဆိုယင် ကိုရီးယားကားကိုပဲ ရွေးမယ့်သူပါ။

အဲ.. ကျွန်တော်ပြောချင်တဲ့ ဆရာကြီး ဂျက် ရဲ့ဆောင်းပါးအကြောင်းဆက်ပါဦးမယ်။ ဆရာကြီးပြောလိုတဲ့ အဓိက အကြောင်းအရာက ကိုရီးယားကားတွေထဲမှာ ဆင်းရဲသားဇာတ်ကောင်ဟာ ဟန်းဖုန်း တကိုင်ကိုင်နဲ့မို့ ယုတ္တိမရှိဘူးဆိုတဲ့အကြောင်းပါ။ ဆရာကြီးက ဆောင်းပါးထဲမှာ ကိုရီးယားဇာတ်ကား လေးကားလောက်ကိုထောက်ပြဝေဖန်ထားပါတယ်။ ဆင်းရဲသားကိုရီးယား မင်းသမီးလေးဟာ ဟိုတယ်တစ်ခုမှာ သန့်ရှင်းရေးဝန်ထမ်းလုပ်ရပေမယ့် ဟန်းဖုန်း လေးတော့ ပိုင်ဆိုင်ပြီး မကြာခဏ ဖုန်းထုတ်ပြောကြောင်း၊ နောက်တစ်ကား မှာတော့ ဇာတ်ကောင်တစ်ယောက်ဟာ ဆင်းဆင်းရဲရဲပညာသင်ကြားပြီး ရှေ့နေတစ်ယောက်အဖြစ် ခက်ခက်ခဲခဲ အသက်မွေးနေရပေမယ့် ဟန်းဖုန်း တကိုင်ကိုင်နဲ့မို့ ယုတ္တိမရှိဘူးဆိုတဲ့အကြောင်းပါ။ ဆောင်းပါးဆုံးတဲ့အထိ ဆရာကြီးဂျက်ဟာ ကိုရီးယားဆင်းရဲသားတွေ ဟန်းဖုန်းပိုင်ဆိုင်တဲ့ ကိစ္စကိုပဲ ယုတ္တိမရှိကြောင်း ဝေဖန်သွားလေတော့ ဖတ်မိသူကျွန်တော် မျက်လုံးပြူးရပါတော့တယ်။ မဂ္ဂဇင်းထုတ်တဲ့နှစ် ၂၀၀၇ ဆိုတာကလည်း သိပ်မကြာသေးဘူးလို့ပြောလို့ရပါတယ်။

ကျွန်တော် ကမ္ဘောဒီးယားကို ၂၀၀၄ ဧပြီမှာစရောက်ပါတယ်။ ကမ္ဘောဒီးယားဆိုတာ ကိုရီးယားနိုင်ငံလို တိုးတက်တဲ့ နိုင်ငံမဟုတ်ပါဘူး။ အရှေ့တောင်အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ တခုအပါအဝင်ပါ။ ပညာတတ်နည်းပါးလှပြီး ကုန်ထုတ်လုပ်ငန်းကလည်း မရှိသလောက် ရှားပါးလှပါတယ်။ ရောက်ရောက်ချင်း ပထမဆုံး ကျွန်တော်သတိထားမိတာက ဆိုင်ကယ်တွေကားတွေရှုပ်ထွေးလှတဲ့ လမ်းတွေနဲ့ ကားအကောင်းစားတွေပါ။ ဒုတိယ သတိထားမိတာက အရွယ်ရောက်သူတိုင်း ဟန်းဖုန်း ကိုင်ကြတာဖြစ်ပြီး တတိယ ကတော့ ကန်စွန်းရွက်သည်ကအစ ဒေါ်လာကိုင်သုံးကြတာကိုပါပဲ။ ဒေသသုံး ငွေကြေှးရှိပြီး ရီယဲလ်(Riel) လို့ခေါ်ပါတယ်။ ငွေလဲလှယ်နှုန်းက အမေရိကန် တစ်ဒေါ်လာကို ရီယဲလ် ၄၀၀၀ နှုန်းခန့်ရှိတာကြောင့် ရီယဲလ်ကို အကြွေအမ်းရုံ၊ အစိုးရရုံးငွေပေးသွင်းရုံ လောက်သာသုံးပါတယ်။ ၂၀၀၄ ခု ကျွန်တော်ရောက်စကတည်းက မိုလ်ဘိုင်းဖုန်းဆက်သွယ်ရေး ကုမ္ပဏီ လေးခုခန့်ရှိပြီး ISP က သုံးခုလောက်ရှိပါတယ်။ အခုဆိုယင် တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီ ၇ ခုခန့်ရှိလာပြီး လူတော်တော်များများကလည်း ဖုန်းနံပါတ် နှစ်ခုသုံးခုကိုင်ထားကြပါပြီ်။ တချို့ လိုင်းတွေက နိုင်ငံခြားခေါ်ရတာ ဈေးသက်သာလို့ပါ။ အသစ်ဖွင့်ဖို့ စိုင်းပြင်းနေတဲ့ ကုမ္ပဏီ တွေလည်း အများကြီးရှိနေပါတယ်။ ဈေးပွဲတော်တွေ၊ ကုန်စည်ပြပွဲတွေမှာဆိုယင် တချို့ ဖုန်းကုမ္ပဏီ တွေက တယ်လီဖုန်းနံပါတ်ပါတဲ့ SIM Card တွေကို အလကားဝေ တတ်ပါတယ်။ ကဒ်ထဲမှာလည်း ၅ ဒေါ်လာကနေ ၂၀ ဒေါ်လာဖိုးအထိဖုန်းခေါ်ဆိုနိုင်အောင် ပိုက်ဆံကြိုဖြည့်ပေးထားပါတယ်။ သူတို့တယ်လီဖုန်းလိုင်းကို လူသုံးများစေချင်လို့ပါ။

ဒီက ဖိုက်စတားဟိုတယ်တစ်ခုမှာ IT အဖြစ်ကျွန်တော်အလုပ်လုပ်တော့ Housekeeping ကဝန်ထမ်းလေးတွေရဲ့ လက်ကိုင်ဖုန်း (Handset) က ကျွန်တော့်ဖုန်းထက်ပိုကောင်းပါတယ်။ ဆရာကြီးဂျက် ပြောတဲ့ဟိုတယ်သန့်ရှင်းရေးဝန်ထမ်းတွေပေါ့။ ဟိုတယ်တခုလုံးမှာ လစာအနည်းဆုံးရကြတာပါ။ ဒါပေမယ့် ၂ လတစ်ခါလောက် Handset အသစ်ပြောင်းကိုင်လေ့ရှိပါတယ်။ ကျွန်တော်ဆို သူတို့ရှေ့မှာ အကြောင်းမရှိပဲတယ်လီဖုန်း ထုတ်မကိုင်ပါဘူး။ နို့မို့ အနားလာပြီး “မင်းဖုန်းမှာ ကင်မရာပါလား၊ Memory ကဘယ်လောက်လဲ၊ MP3 ရလား MP4 ရလား” နဲ့ စုံနေအောင်မေးတယ်ကြပါတယ်။ ကျွန်တော်ကလည်း “တယ်လီဖုန်းဆိုတာ စကားပြောလို့ရယင်တော်ပြီ၊ ဓါတ်ပုံရိုတ်ချင်ယင် ကင်မရာဝယ်သုံးမှာပေါ့” ဆိုပြီးပိတ်ပြောထားပါတယ်။ သူတို့ကတော့ နားနေခန်းထဲရောက်ယင် သီချင်းလေးဖွင့်လိုက်၊ ဗွီဒီယိုလေးကြည့်လိုက်နဲ့ ဟုတ်နေတာပါပဲ။ ဆရာကြီးဂျက်ကိုခေါ်ပြီး ပြလိုက်ချင်ပါတယ်။

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကိုကျော်လိုက်တာနဲ့တဘက်မှာ ဟန်းဖုန်းဆိုတာ ဈေးသက်သက်သာသာနဲ့ မဝယ်ချင်မှအဆုံးရှိနေပါပြီ။ ဒါကို ဆရာကြီးဂျက် တကယ်ပင်မသိတာလား၊ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့နောက်ကျကျန်နေခဲ့တဲ့ ဆက်သွယ်ရေးစနစ်ကိုပဲ မသိမသာလှောင်ပြောင်လိုက်တာလား ဆိုတာ ဆောင်းပါးဖတ်ယင်း ကျွန်တော်ဝေခွဲမရဖြစ်နေပါတော့တယ်။

မြန်မာမဂ္ဂဇင်း တအုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိ ပြီး ရင်ထဲ ကလိ ကလိ ဖြစ်နေလို့ ရေးလိုက်တာပါ။ ကြာတော့ကြာခဲ့ပါပြီ။

2 comments:

Unknown said...

ရင်ထဲကကလိကလိဖြစ်တယ်ဆိုတာ ဘယ်လိုမျိုးကြီးလဲဟင်?
:P
post အသစ်လေးဘာလေးလည်းတင်ပါဦး...

Anonymous said...

နောက်ရေးထားတာထင်မိပါတယ်ဗျာ
ဘာလို့ လဲဆိုတော့သူ့ စာတွေက
အများစုကထေ့လုံးလေးတွေမို့ ပါ

Google